ကျွန်တော် လွန်ခဲ့တဲ့ ရက် ၂၀ ခန့်က
မနက်အိပ်ယာကနိုးတော့ အုန်းလွဲနေပါတယ်…ညာဖက်ကို ခေါင်းက လှည့်မရဘဲ နာနေတာမျိုးပါ…
အဲ့တော့ အိမ်မှာရှိနေတဲ့ လိမ်းဆေးကို ဇက်နဲ့ ပခုံးပေါ်တွေကို လိမ်းလိုက်ပါတယ်…အရင်လဲ အုန်းလွဲဖူးတော့ သိပ်အထူးအဆန်းကြီးတော့ မဟုတ်ပါဘူး… ဒီလိုနဲ့ ၃…၄ ရက်ကြာချိန်ထိ မပျောက်ပါဘူး…
သောက်ဆေးကူမှ ရမယ်လို့တွေးပြီး
မိတ်ဆွေဆရာဝန် ပြောတဲ့ သောက်ဆေးကို တရက် ၃ ကြိမ်သောက်ပြီး ခရီး ၅ ရက်ခန့်သွားလိုက်ပါသေးတယ်…
လမ်းခရီးမှာလည်း သိပ်ပီးအနှောက်အယှက်မဖြစ်ပါဘူး… အနည်းငယ်နာနေပြီး ဇက်က လှည့်မရသေးတာဘဲရှိပါတယ်…ဒီလိုနဲ့ ခရီးကနေ ရန်ကုန် ကို ပြန်ရောက် ခဲ့တယ်…
စဖြစ်တဲ့ရက်ကနေတွက်ကြည့်ရင် ၁၀ ရက်ခန့် ကြာနေသော်လည်း မပျောက်သေးပါဘူး…
အလုပ်က များနေတာ မို့ ပျောက်မှဘဲဖြစ်ချေတော့မယ်လို့ တွေးပြီး
တရုတ်ဆေးဆရာကိုသွားရောက်ပြသခဲ့ပါတယ်…ဆေးခန်းရောက်တော့ ဖြစ်စဥ် ကို ပြောပြတာ ပေါ့..
ဆရာက ဖြစ်ဖြစ်ချင်းလာလုပ်သင့်ကြောင်း ၊ အခုက ရက်ကြာနေတော့ အချိန်ပေးကုရမည်ဖြစ်ကြောင်းပြောပြီး ခေါင်းကိုကိုင်ပြီး” ဂျွတ်ကနဲ ” မြည်အောင် ချိုးလိုက်ပါတယ်…
ပြီးတော့ ဆေးအပူလိမ်းပြီး ပတ်တီးစည်းပေးလိုက်ပါတယ်….
ပြသနာက အဲ့ကနေစတင်ပါတော့တယ်…သွားပြတုန်းက လမ်းလျှောက်ပီးသွားခဲ့ပေမယ့် အိမ်ပြန်ရောက်ပီး မကြာဘူး ဇက်နေရာက အတော်လေး နာကျင်ကိုက်ခဲလာပြီး ညာဖက်လက်တွေ ပါ ထုံကျဥ်ကိုက်ခဲနေပါတယ်…ညဖက်အိပ်တော့လဲ အိပ်မပျော်တော့ဘူး…နာနေတော့…
ည ဖက် ၁ နာရီလောက် ရောက်တဲ့အခါ အခြေနေက အတော် ဆိုးနေပါပြီ..ထိုင် လို့လဲ မရတော့သလို…လမ်းလဲ လျှောက်မရတော့ပါဘူး…အတော်လေး ပင်ပန်းပီး နာကျင်ကိုက်ခဲနေပါတယ်….
အဲ့ဒါနဲ့ ရန်ကုန်က နာမည်ကြီး ဆေးရုံတစ်ခုကို
ညဖက် ၂ နာရီ လောက် မှာ သွားရောက်ခဲ့ရပါတယ်…ဆေးရုံကဆရာဝန်တွေက စစ်ဆေးပြီး ဆေးရုံတက်ရမယ်လို့ ပြောလို့ တက်ခဲ့ပါတယ်…
Day 1 မှာ ဓာတ်မှန်တွေရိုက်.. သွေးတွေစစ်…အစုံပေါ့…
ဒါပေမယ့် နာနေတာကို မနာနေအောင် ဘာမှ လုပ်မပေးနိုင်ပါဘူး..နာမြဲနာလျက်…အော်မြဲအော်နေရဆဲပါ…
Day2 မှာ MRI ရိုက်ပါတယ်…သေချာတာကတော့ နာကျင်တာ တချက်မှ မလျော့ပါဘူး…ညဖက်ဆိုပိုဆိုးပါတယ်…တညလုံးမအိပ်ရပါဘူး…အချိန်ပြည့်နာကျင်နေတော့ အစားအသောက် ပါ မဝင်တော့ ပါဘူး..သိပ်မစားနိုင်တော့ဘူးပေါ့…
Day3 မှာ MRI ဓာတ်မှန်ထွက်လာပြီး ဆရာဝန်က ရှင်းပြပါတယ်…
ကျောရိုး က ကျောရိုးဆစ် ၆ နဲ့ ၇ က တရုတ်ဆေးဆရာ ဇက်ကိုချိူးတဲ့အချိန် အခန့်မသင့်ဘဲ ပူးကပ်သွားပြီး နာကျင်နေခြင်းဖြစ်ကြောင်း နဲ့ စိတ်အရမ်းပူစရာမလိုကြောင်း ၊ တခြား အရေးကြီးတဲ့အချက်က အရိုး ၁ နဲ့ ၂ ကြားမှာ ရေအိတ် ရှိနေကြောင်း.. ဒါကြောင့် ဒီရေအိတ်ကိုဖယ်ရှားဖို့ လိုအပ်ကြောင်း ဒီဆေးရုံမှာခွဲစိတ်လို့လဲရသလို ထိုင်းနိုင်ငံ သို့သွားရောက်ကုသလိုပါကလည်း သွားနိုင်ကြောင်းရှင်းပြပါတယ်…
မိသားစု ချက်ချင်းတိုင်ပင်ပြီး ထိုင်းကို သွားခွဲစိတ်ဖို့ ဆုံးဖြတ်ပြီး ချက်ချင်း လေယာဥ် လက်မှတ်ဝယ်…နောက်နေ့မနက် ထိုင်း ကို ထွက်လာခဲ့တယ်…
ထိုင်းနိုင်ငံ က ဖယာထိုင်း 3 ဆေးရုံကြီး ကို လေယာဥ် ဆင်း တာနဲ့ Ambulance ကားနဲ့ အမြန်ပို့ ဆောင်ပြီး အရေးပေါ်ဌာန ကို တင်လိုက်ပါတယ်…
အရေးပေါ်ရောက်တော့ ဒီ ရောဂါ နဲ့ သက်ဆိုင်တဲ့ MO (Medical Officer) ချက်ချင်းရောက်လာပြီး မေးမြန်းစမ်းသပ်တာနာရီ ဝက်ခန့်ကြာပါတယ်…ဒါတောင် ရိုးရိုး MO နော်…သေချာကို စမ်းသပ်တာပါ…
အရမ်းနာနေကြောင်းပြောတော့ သူပြောတဲ့စကားကို အသဲစွဲ အောင်မှတ်မိတယ်…သူက ထိုင်းလိုပြောတာပါ..
မြန်မာဘာသာပြန်က တဆင့် ပြန်ပေးပါတယ်…ဘာပြောလဲ ဆိုတော့….
“” အခု ငါတို့ ဆေးရုံ ရောက်လာပြီး
ငါတို့ လက်ထဲ ရောက်လာပီမို့ #နာကျင်တယ် ဆိုတဲ့ စကားလုံးကို
မင်းရဲ့ ဦးနှောက် က ထုတ်ပစ်လိုက်ပါတဲ့… မင်းရဲ့နာကျင်မှု့ကိူ ခဏနေတာနဲ့ မနာစေရတော့ဘူးတဲ့… ”’
ပထမ သူပြောလိုက်တော့ ဟုတ်ပါ့မလားလို့ တွေးမိသေးတယ်…နောက်တော့ အိမ်က မိသားစု တွေကို ဆေးရုံတက်ရမယ့်အခန်း မှာ သွားစောင့်နေပါ…လူနာကို ကျွန်တော် တို့ တာဝန်ယူလိုက်ပါပြီ ဆိုပြီး ပြောလိုက်တော့ ပါလာတဲ့ မိသားစု တွေ အခန်းထဲသွားစောင့်နေကြရတယ်…
ကျွန်တော်နဲ့ ဆရာဝန်တသိုက်ဘဲ ကျန်ခဲ့ပီး ဆေးတွေ သွင်း / ထိုးတာတွေ လုပ်ပီး မကြာပါဘူး ၁၀ ရက် လောက်နာကျင်နေတဲ့ အနာက ဘယ်ရောက်သွားသလဲလို့ မေးရလောက်အောင် မနာတော့ဘဲ အခန်းထဲ ပို့လိုက်ပြီး နားနေစေတယ်…
ကျွန်တော်ပြသမယ့် ဆရာဝန်ကြီးက အဲ့နေ့က သူ့နားရက်ဖြစ်ပါတယ်…ဒါပေမယ့် MO က ဖုန်းဆက်ပီး အကြောင်း ကြားလိုက်တော့ မိနစ် ၃၀လောက်အတွင်း အခန်း ထဲ ရောက်လာပါတယ်…
ကျွန်တော့် ကို သေချာ မေးပြန်တယ်..၃၀ မိနစ် ခန့်ကြာတယ်…
ပြီးတော့ မှ မိသားစု ဝင်တွေ အစည်းဝေးခန်းကို လိုက်ခဲ့ပါလို့ ပြောပြီး ခေါ်သွားတယ်…
ရှင်းပြတာက ကျောရိုး ၆…၇ က အတော်ထိခိုက်သွားလို့ အမြန်ဆုံး ခွဲစိတ်ရပါမယ်…အရေးအလွန်ကြီးပါတယ်…အဲ့လိုပြောတော့ မိသားစု က ရေအိတ်အကြောင်းမေးပါတယ်…ရေအိတ်ရော တခါထဲထုတ်မလား ပေါ့…
အဲ့ ရေအိတ်က အရေးမကြီးပါ… အရေးကြီး တာက 6…7 အရိုးက အဓိကဖြစ်တယ်…ဘယ်လိုခွဲစိတ်မယ်…ဘယ်လောက်ကုန်ကျမယ် (အကြမ်းဖျင်း) ရှင်းပြပြီး သဘောတူရင် နောက်နေ့ မနက်စော ၅ နာရီမှာ ခွဲပါမယ်လို့ပြောလို့ သဘောတူ လိုက်ကြပါတယ်….
ရန်ကုန်မှာ အိမ် မှာ နဲ့ ဆေးရုံမှာ အချိန်ကုန်ခဲ့တဲ့ ၁၂ ရက်လုံး ရေမချိူးရပါဘူး…ဆံပင်လဲ မလျော်ရပါဘူး…ဒါကြောင့် ဆရာဝန်ကြီး ခဏနေရင် ကိုယ်လက်သန့်ရှင်း ခေါင်းလျှော်ပေးတဲ့ အဖွဲ့ လွှတ်လိုက်ပါမယ်လို့ ပြောပါတယ်…အာ့နဲ့ ကျွန်တော် က ရေထချိုးဖို့ နဲ့ ခေါင်းလျော်ဖို့ က အဆင်မပြေလောက်ကြောင်းပြောတော့ သူက ရီပြီး အိပ်ယာပေါ်မှာတင် အကုန်ပြီးသွားမှာပါ..
နာလဲမနာစေရပါဘူး လို့ပြောတယ်..
၁၀ မိနစ် လောက်နေတော့ နာစ့်မ ၂ ယောက်ရောက်လာပြီး သူတို့ နဲ့အတူခေါင်းလျှော်ဆိုင်မှာလျှော့ရင် သုံးတဲ့ ရေပန့်နဲ့ စင်အသေးစားပါ ပါလာပြီးကုတင်ခေါင်းရင်းမှာ ချိတ်ဆက်ပြီး ခေါင်းကို သေချာ ၃ ခါလောက်လျှော်ပေးပါတယ်…
တကယ်ဘဲ အံ့ဩတယ်..ပြီးတာနဲ့ တကိုယ်လုံးကို ရေနွေးနဲ့ ရေပတ်တိုက် ပြီး ဆေးရုံ အကျီတွေ ဝတ်ပေးပါတယ်..မိနစ် ၂၀ လောက် နဲ့ ကိစ္စ အကုန်ပြီးသွားပီး
လူက မနာလဲ မနာတော့ဘူး…ရေချိုးလိုက်သလိုပေါ့ပါးနေတော့ မအိပ်ရတာကြာတဲ့ ကျွန်တော် အိပ်ပျော်သွားလိုက်တာ ညနေ ၆ နာရီ ထမင်းစားဖို့ အတင်းလာနိူးယူရတယ်…ရန်ကုန် ဆေးရုံမှာ အဲ့လို တရက်မှ မအိပ်ခဲ့ရပါဘူး… နိုးလာတော့ လဲ အေးဆေးဘဲ.. လုံးဝ မနာကျင်တော့ဘူး…စိတ်ထဲတကယ့်ကို နတ်ဆေးရုံ လို့ကို ကျေးဇူး တင်မိနေတာ အခါခါပါဘဲ..
နာကျင်မှု့ကို ၁၂ ရက်လောက် ဆက်တိုက် ခါးခါးသီးသီး ခံစားခဲ့ရသူအဖို့ မနာတော့ခြင်းက ဘာနဲ့မှ မလဲနိုင်ပါဘူးဗျာ…
ညထမင်းစားပီးချိန် ဆရာဝန်မကြီး တစ်ဦးရောက်လာပါတယ်…ကုတင်ပေါ်က ကျွန်တော် ကို လက်အုပ်ချီပြီးစဝါဒီခ လို့ ပြောတယ်..သူက မေ့ဆေးဆရာဝန်ကြီး ဖြစ်ကြောင်း
ကျွန်တော် case အစအဆုံး သူ လေ့လာပီးဖြစ်ကြောင်း အရင်က မေ့ဆေးနဲ့ ခွဲစိတ်မှု့တွေ လုပ်ခဲ့ဖူးတာ ရှိ/မရှိ သိလိုကြောင်း မေးပြီး ဆွေးနွေးပါတယ်…ပြီးတော့ မှ သူကပြောပါတယ်…မနက်ခွဲစိတ်မှု့မှာ မေ့ဆေးနှင့်ပတ်သတ်ပြီး အလုံးစုံ တာဝန်ယူကြောင်း ၊ စိတ်မပူဖို့ ပြောချင်ကြောင်း ပြောပြီး ခါးလေးညွှတ် နူတ်ဆက်ပြီးပြန်သွားပါတယ်…
မနက်ကျတော့ ၅ နာရီ ရောက်လာကြပြီး ခွဲခန်းဝင်ဖို့ သန့်ရှင်းရေးလုပ် အကျီ လဲ ပီး ခွဲခန်းထဲ ခေါ်သွားပါတော့တယ်….၉နာရီ ခွဲ လောက် ပီး တော့ အခန်းထဲ ပြန်ပို့ ပီး ၁၁ လောက်မှာ သတိကောင်းကောင်းပြန်ရလာတာနဲ့
ခွဲစိတ်ဆရာဝန်ကြီး ပြန်ရောက် လာပီး ခွဲစိတ်မှု့ အောင်မြင်ကြောင်း ၊ ကျိုးသွားတဲ့ အပိုင်းကို အစားထိုး လှဲလည် ပြီးကြောင်း ပြောပီး နာသေးလားလို့ မေးပါတယ်…” အနာဆိုတာ ဂျို နဲ့လား ”’ လို့ ပြန်တောင် မေးလိုကိချင်တယ်…နဂိူနေရာလဲ မနာသလို ခွဲ ထားတဲ့ လည်ပင်း နေရာလဲ မနာပါဘူး…၅ ရက်ဆေးရုံတက်ရမယ်…ပြီးရင် တပတ် နေပြန်ပြ.. ပြီး ရင် ရန်ကုန် ပြန်လို့ ရပီတဲ့…
ငွေကုန်ပေမယ့် ပြန်ရတဲ့ ရလဒ်နဲ့ဆို
တန်…တန်..တန် လို့ဘဲ ဆိုချင်ပါတယ်…
အဓိက ပေးချင်တဲ့ မက်ဆေ့ က #ခေါင်းကိုဇက်ချိုးတာကိုလုံးမပြုလုပ်ကြဖို့ပါဘဲ…
ဆံပင်ခေါင်းလျော်ဆိုင်များ ၊ အနှိပ်ခန်း တွေ မှာ ဇက်ချိုး ၊ ခါးချိုးပြီး ရောက်လာတဲ့ လူနာတွေ အများဆုံး ပါဘဲ…လုံးဝမပြုလုပ်ကြဖို့ ကျွန်တော့် ကိုယ်တွေ့နဲ့ ယှဥ်ပြီး ပြောကြားပါရစေ…
နောက်ထပ်မှာချင်တာက ငွေကြေးတတ်နိုင်ရင် နိုင်ငံခြားမှာသာ ကုကြဖို့နဲ့ Passport လူတိုင်းမှာ ရှိသင့်ကြောင်း အကြံပြုပါတယ်.. ဒါမှ တခုခူဆို ချက်ချင်းသွားဖိူ့အဆင်ပြေမည်ဖြစ်ပါကြောင်း အားလုံးသိရှိအောင် စေတနာ ထား ပြောပြတာ ဖြစ်ပါတယ်….
ကျော်ထွန်း
ခေတ္တ ဘန်ကောက်
